မှတ်ဥာဏ်နှင့် ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာသင်တယ်ဆိုတာ မှတ်ဥာဏ်ကျင့်ရုံလောက်နဲ့ ပြီးတာမှမဟုတ်ဘဲ။ ထိုးထွင်းပြီး ကျိုးကြောင်း
ဆင်ခြင် တက်အောင်လည်း လေ့ကျင့်ပေးရတာမဟုတ်လား။ ဒီအတိုင်သာ သွားနေကြလို့ရှိရင်တော့
ကျွန်တော့်မိတ်ဆွေ တစ်ယောက် ပြောဖူးတဲ့ဟာသလေးလို ဖြစ်သွားမှာသေချာပါတယ်။ အဲဒီဟာသလေးက....
ဦးနှောက်ပြပွဲကြီးတစ်ခုလုပ်သတဲ့။ ဦးနှောက်သီးသီးတွေရဲ့ တန်ဖိုးကိုလည်း ရေးထားသတဲ့။ အင်္ဂလိပ် ဦးနှောက်၊ အမေရိကန် ဦးနှောက်၊ ဂျပန် ဦးနှောက်၊ တရုတ် ဦးနှောက်၊ ဗမာ ဦးနှောက် စသည်ဖြင့် မျိုးစုံပေါ့
လေ။ အဲဒီမှာ ထူးထူးခြားခြား ဗမာ ဦးနှောက်က ဈေးအကြီးဆုံး ဖြစ်နေပါသလဲလို့ မေးကြည့်လိုက်တော့ ပြပွဲ
တာဝန်ခံက “ ဗမာ ဦးနှောက်က အသစ်စက်စက်ပါ၊ တခါမှ မသုံးရသေးဘူး ” လို့ပြန်ဖြေသတဲ့။
အောင်သင်း စဉ်းစားမိသမျှ
အရည်အချင်း နှစ်ရပ်
ကျွန်တော်သာ လူငယ်တွေကိုလေ့လာသင်ကြားပေးရမယ်ဆိုရင် လူငယ်တွေကို အရည်အချင်း
နှစ်ရပ်နဲ့ ပြည့်စုံအောင် သင်ကြားပေးပါ့မယ်။ အဲဒါတွေက
(၁) သတ္တိကောင်းအောင်
(၂) ကိုယ်ပိုင်ဥာဏ် သုံးတက်အောင်
(၁) အနေနဲ့ သတ္တိကောင်းအောင်ဆိုတာက လက်သီးချင်း ထိုးဝံ့အောင်၊ ရိုက်ဝံ့နှက်ဝံ့အောင်၊ သတ်ရဲသေရဲ
အောင်ဆိုတဲ့ ကာယဆိုင်ရာသတ္တိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ မမှန်တာကို မလုပ်ဘူး၊ မတော်လောဘမရှိ
စေရဘူး၊ စည်းစိမ်ချမ်းသာကို မတ်မောပြီး မတော်တာကို မလုပ်ဘူး၊ လျှာပေါ်မှာ မြက်ပင်ပေါက်ချင် ပေါက်
ပါစေတော့ မဟုတ် မတရားတဲ့နည်းနဲ့ဖြင့် ထမင်းမစားဘူးဆိုတဲ့ စာရိတ္တသတ္တိမျိုးကိုဆိုလိုတာပါ။
(၂) အနေနဲ့ ကိုယ်ပိုင်ဥာဏ်သုံးတက်အောင် လေ့ကျင့်ပေးမယ်ဆိုတာက ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန်ကို
ချင့်ချိန်တက်အောင် လေ့ကျင့်ပေးလိုက်ခြင်းပါပဲ။ ကိုယ်ပိုင်ဥာဏ်သုံးတဲ့ အလေ့မဖွံ့ဖြိုးရင် လူငယ်တွေမှာ
အန္တရာယ်ကြီး တက်ပါတယ်။
အောင်သင်း စဉ်းစားမိသမျှ
အရှုံးကို ရင်ဆိုင်ဝံ့ခြင်း
( ၁၉၂၀ မှ ၁၉၄၀ လောက်အထိ မြန်မာပြည်တွင်အမှုထမ်းခဲ့သော အင်္ဂလိပ်လူမျိုး အိုင်စီမက်စ်
ဝန်ထမ်း နှစ်ဦး၏ မှတ်တမ်းများတွင် ဘောလုံးပွဲနှင့် ပတ်သက်၍ ) မြန်မာလူမျိုးတို့သည် ရဲရင့်ကြပါ၏။ သို့
သော် အရှုံးကိုရင်ဆိုင်ဝံ့သောသတ္တိ နည်းပါးကြသည် တဲ့။
အောင်သင်း စဉ်းစားမိသမျှ
ခိုးတာဟာ ခိုးတာပါ
ဟိုအရင် လက်ဝဲ၀ါဒ အဲ ပစ္စည်းမဲ့တော်လှန်ရေးဆိုတာမျိုးတွေ ရေပန်းစားနေစဉ်ကာလက အရင်းရှင် စနစ်ဆိုးကြီးကြောင့် ဆင်းရဲသားနင်းပြားတွေဟာ မခိုးချင်ဘဲခိုးရ၊ မဆိုးချင်ဘဲ ဆိုးရတဲ့ အဖြစ်
မျိုးတွေ ကြုံခဲ့ကြရတယ်။ အဲဒါတွေလည်း ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ၀တ္ထုတွေဘာတွေ ရေးတဲ့
အခါကျတော့ ၀တ္ထုဆရာက လက်လိုက်ပြီး အဲဒီသူခိုးကိုပဲသနားလာအောင်၊ ခွင့်လွှတ်လာအောင်၊ ဂရုဏာ
သံနဲ့ရေးတာမျိုးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး။ ဘယ်သူခိုးပဲခိုးခိုး၊ ခိုးတာ
ဟာ ခိုးတာပါပဲ။ စနစ်ကြီးကြောင့် ခိုးခြင်းကို ကျူးလွန်ရတာကို ပေါ်လွင်အောင် ရေးချင်ရေးပေါ့။ ဒါပေမယ့်
ခိုးတာကို တရားသယောင်ယောင်မျိုးတော့ မရေးစေချင်ဘူး။
အောင်သင်း စဉ်းစားမိသမျှ
ကိုယ်မကြိုက်တာကို ကိုယ်ကလည်း မလုပ်နဲ့ပေါ့
ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်တာကို မကျေနပ်လို့ တုံ့ပြန်တော်လှန်သူဟာ ကိုယ့်အလုပ်
အားနဲ့ ရတာမဟုတ်လဲ ဘာကြောင့်ယူချင်ရတာလဲ။ ကိုယ့်ရပိုင်ခွင့်ကို အဆုံးရှုံးမခံနိုင်လို့ တွန်းလှန်တိုက် ခိုက်သူဟာ ကိုယ်ရပိုင်ခွင့်မရှိတာကိုလည်း မယူဘူးဆိုတဲ့ စာရိတ္တသတ္တိမျိုးမွေးနိုင်ရမှာပေါ့။
အောင်သင်း စဉ်းစားမိသမျှ
ခဏလောက် ရပ်ပြီး စဉ်းစားခြင်း
မက်လုံးပေးလိုက်၊ လှန့်လိုက်နှင့်လုပ်စားကြသူများ၏ ခေတ်မှာ မကုန်နိုင်လောက်အောင်ကို
ဖြစ်နေပါတော့သည်။ ရွှေကို ပွားပေးမည်ဟု အယုံသွင်းပြီး ရွှေကို လိမ်ယူသွားတာတွေ၊ ပျောက်စေဆရာ ဆို
တာမျိုးတွေ မကြာခဏ ကြားနေရပါသည်။ ဤသည်မှာ ခဏလောက်ကလေး ရပ်ပြီး ကျိုးကြောင်း ဆင်ခြင်
လေ့ မရှိသောကြောင့် ဖြစ်ပါသည်။ ဆန္ဒစွဲကင်းသော စဉ်းစားဆင်ခြင်မှုမျိုး ရနိုင်ရန်မလွယ်လှကြောင်း
ကျွန်တော် သိပါသည်။ သို့သော် ခဏလောက်ရပ်ပြီး စဉ်းစားလိုက်ချင်သည့်အလေ့မျိုးကို ထူထောင်နိုင်
လျှင်တော့ အလွန်ကောင်းသည်ဟု အောက်မေ့မိပါသည်။
အောင်သင်း စဉ်းစားမိသမျှ
သေရမှာထက် ကြောက်တဲ့ ကိစ္စ
အချို့ကိစ္စများကို ခဏလောက်ကလေး ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားလိုက်မည်ဆိုလျှင်
ယုတ္တိရှိကြောင်း၊ ယုတ္တိမရှိကြောင်း သိလိုက်နိုင်ပါသည်။ ( သို့သော် မစဉ်းစားချင်ကြပါ။ ) ထို့ကြောင့် အချို့
သောပညာရှိကြီးများက လူတွေ အကြောက်ဆုံးသော အရာမှာစဉ်းစားခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြခြင်းဖြစ်ပါ
သည်။ ကမ္ဘာကျော်ဒဿနပညာရှင်ကြီး ဘာထရန် ရပ်ဆယ်လ် က လူအားလုံးလောက်နီးနီးမှာ စဉ်းစားရ
မည်ကို သေရမှာထက်ပိုကြောက်ကြသည်။ ထို့ကြောင့် မစဉ်းစားဘဲ သေကုန်ကြခြင်း ဖြစ်သည်ဟု ရက်ရက်
စက်စက် ပြောခဲ့ခြင်းမှာ မလွန်လှဟု အောက်မေ့မိပါသည်။
အောင်သင်း စဉ်းစားမိသမျှ
ရှက်စရာကို ရှက်တတ်ရမှာပဲ
သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်
ကိုယ့်လူမျိုး ညံ့ခဲ့တာတွေ ပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။
ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်။
အဲဒီလို ညံ့တဲ့အဖြစ်မျိုးကို နောက်ထပ်မရောက်ရအောင်
တစ်မျိုးသားလုံး တက်ညီလက်ညီကြိုးစားကြရမှာပဲ မဟုတ်လား။
အောင်သင်း စဉ်းစားမိသမျှ
ရွှေ ၊ အောက်တိုဘာ ၊ ၉၃
ဆရာကြီးဦးအောင်သင်း အား ဂါရ၀ပြုအပ်ပါသည်။

ရွှေ ၊ ဒီဇင်ဘာ ၉၃

ရွှေ ၊ သြဂုတ် ၊ ၉၃

ရွှေ ၊ စက်တင်ဘာ ၊ ၉၃

No comments:
Post a Comment