Nov 30, 2011

ဗုဒ္ဓဘာသာဝင်တိုင်းသိစေချင်

အိမ်ထောင် ၄ မျိုး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့ နှင့် ဝေရဉ္ဇာပြည် အကြားဝယ် ခရီးရှည် ကြွသွားခိုက် လမ်းခရီးတွင် တွေ့ရသော ခရီးသည် သကြွယ်ဇနီးမောင်နှံအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ အတူနေ အိမ်ထောင်သည် အမျိုးအစား လေးမျိုး ရှိကြောင်း ဟောကြားတော်မူခဲ့သည်
•    လင်မယား နှစ်ဦးစလုံး ယုတ်မာသော စိတ်သဘော အမူအကျင့် တူညီစွာ ရှိနေကြလျှင် သူသေချင်း အတူတူ နေခြင်း ဟူ၍ လည်းကောင်း။
•    လင်က စိတ်သဘောထား ဆိုးသွမ်း ယုတ်မာ၍ မယားက စင်ကြယ်မွန်မြတ် သော သူတော်ကောင်းစိတ် ရှိနေလျှင် နတ်သမီး မယားသည် သူသေလင်နှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍ လည်းကောင်း။
•    လင်သည် မြင့်မြတ်စင်ကြယ်သော စိတ်ထားအမူအကျင့် ရှိသည့် သူတော်ကောင်း ဖြစ်နေပြီး မယားက အကျင့် စာရိတ္တ သဘောထား၊ အမူအရာ ယုတ်မာနေလျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍လည်းကောင်း။
•    လင်မယား နှစ်ဦးစလုံး သူတော်ကောင်း တွေဖြစ်နေလျှင် အကျိုးစီးပွား များပြားကုန်သည်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေထိုင်ရသည်။ ထိုသူတို့အား မနာလို ၀န်တိုသူများ အဖို့ စိတ်ဆင်းရဲခြင်း ဖြစ်စေသည် ဟူ၍ လည်းကောင်း ဟောကြားခဲ့သည်။

( ပထမသံဝါသသုတ်၊ ဒုတိယသံဝါသသုတ် ဒေသနာတော် )



သမုဒ္ဒရာကြီး (၆) စင်း

ဤလောက၌ သမုဒ္ဒရာ၊ သမုဒ္ဒရာဟု ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်ပေ။ ကြီးကျယ် များပြားသော ရေအစ ရေအပြင် သာလျှင် ဖြစ်သည်။ သမုဒ္ဒရာ ဟူသည်မှာ မျက်စိ သမုဒ္ဒရာစစ်စစ်အားဖြင့် သတ္တာဝါတို့၏ မျက်စိသည် သမုဒ္ဒရာမည်ပါသည် ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံ တည်းဟူသော အဟုန်အရှိန်သည် ရှိသည်။ အကြင်သူသည် ထိုးအဆင်း တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးသူ ဖြစ်သည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နား သမုဒ္ဒရာ
•    သတ္တ၀ါတို့၏ နားသည် သမုဒ္ဒရာ မည်ပေသည်။ ထို နားသမုဒ္ဒရာ၌ အသံသဒ္ဒါရုံ တည်းဟသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အသံတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နားသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နှာခေါင်း သမုဒ္ဒရာ
•    သတ္တ၀ါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည် ပေသည်။ ထိုနှာခေါင်း သမုဒ္ဒရာ၌ အနံ့ ဂန္ဓာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အနံ့တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

လျှာ သမုဒ္ဒရာ
•    သတ္တ၀ါတို့၏ လျှာသည် သမုဒ္ဒရာမည် ပေသည်။ ထိုလျှာ သမုဒ္ဒရာ၌ အရသာ ရသာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အရသာတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် လျှာသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

ကာယ သမုဒ္ဒရာ
•    သတ္တ၀ါတို့၏ ကိုယ်ခန္ဓာသည် သမုဒ္ဒရာမည် ပေသည်။ ထိုကိုယ် သမုဒ္ဒရာ၌ အတွေ့အထိ ဖောဋ္ဌဗ္ဗရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အတွေ့အထိ တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် ကိုယ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

စိတ် သမုဒ္ဒရာ
•    သတ္တ၀ါတို့၏ စိတ်သည် သမုဒ္ဒရာမည် ပေသည်။ ထို စိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို သဘောတရား တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် စိတ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

(သဠာယတန၀ဂ္ဂ၊ သဠာယတနသံယုတ်၊ သမုဒ္ဒ၀ဂ်၊ သမုဒ္ဒသုတ် )


အရိယာမဂ်

ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်သော လမ်းကောင်း ကိုခေါ်ဆိုပါသည်။

အရိယာမဂ် ဆိုသည်မှာ
•    မှန်ကန်သော ဥာဏ်အမြော်အမြင်
•    မှန်ကန်သော အကြံအစည်
•    မှန်ကန်သော ပြောဆိုမှု
•    မှန်ကန်သော ပြုလုပ်မှု
•    မှန်ကန်သော အသက်မွေးမှု
•    မှန်ကန်သော အားထုတ်ခြင်း လုံ့လ
•    မှန်ကန်သော အောက်မေ့ခြင်း
•    မှန်ကန်သော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ် )


မိစ္ဆာမဂ်

ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာ ဖြစ်စေတတ်သော လမ်းဆိုး ကိုခေါ်ဆိုပါသည်။

မိစ္ဆာမဂ် ဆိုသည်မှာ
•    မှားသော အမြင်
•    မှားသော အကြံအစည်
•    မှားသော စကား
•    မှားသော ပြုလုပ်မှု
•    မှားသော အသက်မွေးမှု
•    မှားသော အားထုတ်ခြင်း လုံ့လ
•    မှားသော အောက်မေ့ခြင်း
•    မှားသော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ် )


သိကြားသာသနာဆိုသည်မှာ

သိကြား သာသနာ ဟူသောစကားမှာ သိကြားမင်း၏ အဆုံးအမကို ဆိုလိုသော စကားမဟုတ်ပါ။ မြတ်စွာဘုရားရှင် ခိုင်းစေ တော်မူချက်အရ သိကြားမင်း စောင့်ရှောက်အပ်သော ဗုဒ္ဓသာသနာကို ဆိုသော စကားဖြစ်ပါသည်။ သိကြားမင်း စောင့်ရှောက်အပ်သော သာသနာဖြစ်သောကြောင့် သိကြားသာသနာဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။

အနာဂတံဥာဏ်တော်ဖြင့် လောကကို ရှုကြည့်တော်မူရာ

မြတ်စွာဘုရားသည် သာသနာတော်ကို စောင့်ရှောက်ရန် သာသနာ့ ဥာဏ်တော်ဖြင့် လောကကို ရှုကြည့်လတ်သော် သီဟိုဠ်ကျွန်းတွင် သာသနာတော် ထွန်းကားလာမည့် သမ္ပတ္တိဂုဏ်ကို မြင်တော်မူ၍ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒ သာသနာပြုအံ့သော အကြောင်းကို မိန့်ကြားတော်မူသည်။ သင် သိကြားမင်းသည် ထိုကဲ့သို့ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့သွား၍ သာသနာပြုသောအခါ၌ အပေါင်းအဖော် အကူအညီ ဖြစ်ပါလေလော့ဟု စေခိုင်း တော်မူခဲ့လေသည်။

သိကြားမင်းကာ "ကောင်းပါပြီ အရှင်မြတ်ဘုရား" ဟု ၀န်ခံစကား လျှောက်ထား၍ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုသောအခါ အကူအညီ အဖော်သဟဲ ဖြစ်ခဲ့ကြောင်းဖြင့် ၀ိနယပိဋကတ်၊ အဋ္ဌကထာ တွင် ဖော်ပြသည်။

သာသနာရေးကိစ္စမှန်သမျှ သိကြားမင်းစောင့်ရှောက်ရစ်ရန်

ဤအဋ္ဌကထာ၌ မြတ်စွာဘုရားသခင်သည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုရေး အတွက်သာ သိကြားမင်းအား စေခိုင်းတော်မူပုံကို ပြသော်လည်း ဤကိစ္စတစ်ခုသာမက နောင် ငါဘုရား မရှိသည့်နောက် သာသနာရေး ကိစ္စမှန်သမျှ သင်သိကြားမင်း စောင့်ရှောက် ကူညီရစ်ပါလေ ဟု မှာကြားခြင်း ကိစ္စပြီး၏။

ထိုသို့ စေခိုင်းတော်မူသောအခါ သာဓုဘန္တေ အာမဘန္တေ စသည်ဖြင့် သိကြားမင်း၏ ၀န်ခံချက် ထို အဋ္ဌကထာ၌ မပါရှိသော်လည်း

တဒါသက္ကေည ဒေ၀ါမိန္ဒာ၊ မဟိန္ဒတ္ထေရံ ဥပသင်္ကမိတွာ၊ ဧတဒဝေါစ-
•    ကာလင်္ကတောဘန္တေ၊ မုဋသိဝရာဇာ၊ ဣဒါနိဒေ၀ါနံပိယတိဿ၊ မဟာရာဇာ ရဇ္ဇံကာရေတိ။
•    သမ္မာ သမ္ဗုဒ္ဓေနစ တုမှေ ဗျာကတာ၊ အနာကတေ မဟိန္ဒောနာမ ဘိက္ခု၊ တဗ္ဗပဏ္ဏိဒီပံ ပသာဒေဿတီတိ။
(၀ိနယ ပါဠိတော်၊ အဋ္ဌကထာ)

ဤအဋ္ဌကထာလာ စကားကို ထောက်၍ မြတ်စွာဘုရား ခိုင်းစေတော်မူသော ခဏပင် သိကြားမင်းသည် အာမ၀န်တာ ခံခဲ့သည်ဟု မှတ်ယူရာ၏။ မြတ်စွာဘုရား စေခိုင်းတော်မူချက် အတိုင်း ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြု သောအခါ သိကြားမင်း အကူအညီပေးခြင်းကို ထောက်ဆ၍ မြတ်စွာဘုရား စေခိုင်းတော်မူချိန်တွင် အာမဘန္တေ၀န်ခံ စကား လျှောက်ထားခဲ့သည်ဟု မှန်းဆ၍ သိနိုင်လေသည်။

မြတ်စွာဘုရားနှင့် အမ္ဗဋ္ဌလုင်

ထို့ပြင် မြတ်စွာဘုရားရှင် နှင့် အမ္ဗဋ္ဌလုင် တို့၏ ဇာတ်နှင့်စပ်၍ စကား အခြေအတင် ပြောဆို မိန့်ကြားရာ၌ မြတ်စွာဘုရားက အမ္ဗဋ္ဌလုင်ကို နှစ်ကြိမ်တိုင်ပင် မေးသောအခါ အမ္ဗဋ္ဌလုင်သည် ပေတိပေကပ် မဖြေကြားဘဲ နေမှုနှင့် ပတ်သက်၍ သိကြားမင်းသည် ဗုဒ္ဓရှင်တော်မြတ်အား လျှောက်ထားခဲ့ဖူး လေသည်။

"ဘ၀ဂါ ဓမ္မံ ဒေသေထ"
•    "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်မြတ်ဘုရားတို့သည် တရားဓမ္မကို ဟောကြား တော်မူ ကြပါကုန်လေ ... "
"တုံမှာကံ အာဏာယ၊ အ၀တ္တမာနေမယံ ၀တ္တာပေဿာမ"
•    အရှင်မြတ်ဘုရားတို့၏ အာဏာတော်ဖြင့် အမ္ဗဋ္ဌ မလိုက်နာသည်ရှိသော် ကျွန်ုပ်တို့သည် ဤ အမ္ဗဋ္ဌကို လိုက်နာစေပါကုန်အံ့ ...

"တုမာကံ ဓမ္မစက္ကံ ဟောတု၊ အမှာကံ အာဏာစက္ကန္တိ ပဋိညံ အကာသိ"
•    အရှင်မြတ်ဘုရား တို့ဘက်က ဓမ္မစက် ဖြစ်ပါစေ။ တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည် ဟု ပဋိညာဉ် ၀န်ခံချက် ပြုခဲ့လေပြီ။
(သီလက္ခန်၊ အဋ္ဌကထာ ၂၃၁)

သာသနာတော် အနှစ် ၅၀၀၀ ကာလပတ်လုံး

တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည်ဟု သိကြားမင်း၏ လျှောက်ထားချက်သည် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံပြီးသည့်နောက် အနှစ် ၅၀၀၀ ကာလပတ်လုံး တပည့်တော် စောင့်ရှောက်ပါမည်။ သာသနာပြု ပုဂ္ဂိုလ် တို့အား ကူညီပါမည်။ အဖော်သဟဲ ဖြစ်စေပါမည်ဟု လျှောက်ထားခြင်း ပေတည်း။

ထို့ကြောင့် မြတ်စွာဘုရားသခင် တာဝန်ပေး စေခိုင်း တော်မူချက်အရ သိကြားမင်း အာမဘန္တေ၀န်ခံတာ၊ သာသနာတော်ကို စောင့်ရှောက်ကြောင်း ခိုင်မာစွာ မှတ်ယူကြရာ၏။ ထိုသို့ နတ်တို့ သနင်း သိကြားမင်း စောင့်ရှောက်သော သာသနာကို ရည်ညွှန်း၍ လူတို့ ဝေါဟာရ သိကြားသာသနာဟု ပြောဆိုနေကြခြင်း ဖြစ်ပေသတည်။
"မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်ပါစေသောဝ် .. .."

ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ ခင်မောင်မိုး(တောင်ကြီး) ၏ သိကြားသာသနာဆိုသည်မှာ

No comments:

Post a Comment