Aug 5, 2011

ကမ္ဘာတိုင်း ဘုရားမပွင့်။

ဘုရားအပွင့် နည်းပါးလှပုံ။ ။ ကမ္ဘာတိုင်းဘုရားပွင့်သည်မဟုတ်၊ ကမ္ဘာများစွာကြာမှဘုရားတစ်ဆူသာပွင့်သော ကမ္ဘာရှိတက်သည်။ တခါတလေ ကမ္ဘာပေါင်း သိန်း၊ သန်း၊ကုဋေ၊ အသင်္ချေကြာမှ ဘုရားပွင့်သောကမ္ဘာရှိတက်သည်။ ထို့ကြောင့် ပွင့်ပြီးသောဘုရား အရေအတွက်ထက် ကမ္ဘာအရေအတွက်က သိန်း၊ သန်း၊ ကုဋေမက များလှပေပြီ မှတ်ယူအပ်၏။ ပွင့်တော်မူပြီးသော ဘုရားအရေအတွက်မှာ ယူဇနာပေါင်း ၅၀၀ ရှည်လျားသော ဂင်္ဂါမြစ်ထဲ သဲစုမက ပွင့်တော်မူခဲ့ကြပြီး ဖြစ်သဖြင့် ပျက်ပြီးသော ကမ္ဘာအရေအတွက်ကလည်း ဘုရားများထက် သိန်း၊ သန်း၊ ကုဋေများခဲလှပေပြီဟု သိအပ်ပေသည်။



တဏှင်္ကရာဘုရားမှစ၍ ဂေါတမဘုရားအထိ နှစ်ကျိပ်ရှစ်ဆူသော ဘုရားပေါင်းတွင် တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာဟု ဘုရားလေးဆူရှိရာ ဒီပင်္ကရာဘုရား လက်ထက်တော်တွင် အလောင်းတော်သည် သုမေဓာရှင်ရသေ့ဘဝတွင် ဂေါတမဘုရား အလောင်းတော်ဟု နိယတဗျာဒိတ်တော် ရခဲ့သည်ကစ၍ ယခုဘဒ္ဒကမ္ဘာအထိ အလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းမျှ ပါရမီတော်ဖြည့်တော်မူရသဖြင့် ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားများတွင် ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်တော်မူပြီးသဖြင့် ပဌမဘုရားလေးဆူနှင့် ပေါင်းသော် ဘုရားရှစ်ဆူဖြစ်၏။



ဒီပင်္ကရာဘုရားမှ ဘဒ္ဒကမ္ဘာထိ စပ်ကြားတွင် ကမ္ဘာလေးသင်္ချေနှင့် တသိန်းအကြားမှာ ကျန်ဘုရားအဆူနှစ်ဆယ် ပွင့်တော်မူကြ၏။ ၎င်းးလေးသင်္ချေနှင့် ကမ္ဘာတသိန်းကိုတည်၍ ဘုရားအဆူနှစ်ဆယ်နှင့် စားသော် ရလဒ်အသင်္ချေပင်ရှိ၏။ အဘယ်ကြောင့်ဟူမူ ယခုခေါ်သော အသင်္ချေမျိုးကာ ရေတွက်မရသော အသင်္ချေမျိုးဖြစ်သောကြောင့်တည်း။ (ဥပမာ ) ယူဇနာပေါင်း ၅၀၀- ရှည်သော ဂင်္ဂါမြစ်တွင်းရှိသဲတို့ကို ၁၀၀ နှင့်စားလဲ လဒ်အသင်္ချေ၊ အသင်္ချေနှင့်စားလဲ လဒ်အသင်္ချေသာ ရသောကြောင့်တည်း။ ဤသို့လျှင် ဂဏန်းအရေအတွက် မခေါ်တက်နိုင် လောက်အောင် များပြားလှ၏။ ထိုဂဏန်းအရေအတွက်သည် ဘုရားဆူရေနှစ်ဆယ်တွင် တပါးနှင့်တပါး ခြားကွာသော ပျမ်းမျှခြင်း ဘုရားမပါသော ကမ္ဘာအရေအတွက်ဟု သိမှတ်ရာ၏။



ထို့ကြောင့် ကမ္ဘာတိုင်းဘုရားမပွင့်ဘဲ တသင်္ချေ၊ တသင်္ချေအားဖြင့် ကမ္ဘာပေါင်းများစွာကြာမှ ဘုရားပွင့်သော ကမ္ဘာပေါ်လာရကြောင်း ထင်ရှားစွာ သိအပ်လှပေသည်။ ကမ္ဘနိယာမ ဓမ္မတာသဘောအတိုင်း ကမ္ဘာတခါ ပျက်လျှင် မည်သည့်သတ္တဝါမဆို ဗြဟ္မာတခါ ဖြစ်စမြဲပေတည်း။ အပါယ်လေးဘုံ၌ ဖြစ်ပေါ်နေသော သတ္တဝါများပင် ကျွှတ်လွတ်၍ လူ့ပြည်မှတဆင့် သမထတရား၊ ဈာန်တရားများကို အားထုတ်ရပြီးသော် ဗြဟ္မာပြည်တွင် ဖြစ်ပေါ်ရစမြဲ ဓမ္မတာပေတည်း။ ငရဲသူ၊ ငရဲသားများပင် ဗြဟ္မာဘုံသို့ ရောက်ကြရသည် ဆိုရငြားသော်လည်း အယူမှားလွန်း၍ နိယတမိစ္ဆာဒိဋ္ဌိတမျိုးဖြင့် ငရဲသို့ကျရောက်သူတို့မှာ ထိုအယူကို မစွန့်သေးက ကမ္ဘာပင်ပျက်သော်လည်း ဗြဟ္မာဖြစ်ခွင့်မရဘဲ မပျက်သေးသော အခြားစကြာဝဠာကမ္ဘာက ငရဲသို့ ပြောင်းရွှေခံကြရပေသည်။ ၎င်းနိယတမိစ္ဆာဒိဋ္ဌိ သည် သုံးမျိုးရှိ၏။ ၎င်းတို့သည်ကား…



၁။အကြောင်းမရှိဟုယူသော အဟေတုကဒိဋ္ဌိ

၂။အကျိုးမရှိဟုယူသော (ဝါ) ကံ၊ ကံ၏အကျိုးကို ပစ်ပယ်သော နတ္ထိကဒိဋ္ဌိ

၃။အကြောင်း၊ အကျိုးနှစ်ပါး မရှိဟူသော အကိရိယဒိဋ္ဌိ ဟူ၍ နိယတ မိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးရှိ၏။


ဘုရားမပွင့်သော ကမ္ဘာက သင်္ချေ၊ သင်္ချာမက ပိုမိုများပြားလှသဖြင့် ဘုရားမပွင့်သော အဗုဒ္ဓကာလများမှာ သတ္တဝါတို့ မည်ကဲ့သို့ ကုသိုလ်တရားကို အားထုတ်၍ သံသရာတွင် ဘဝကောင်းများရကြရန် ကြိုးစားကြရသနည်းဆိုလျှင် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟု ဆိုအပ်သော သုံးပါး၌ အဖြစ်များကြရလေအောင် အားထုတ် ကြိုးစာကြသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။



(ဝိပဿနာ ဆရာခန့်)

No comments:

Post a Comment