Aug 5, 2011

ထေရ၀ါဒီ ဟူသည်မှာ...

ထေရ၀ါဒတစ်ဦး၏ ရည်မှန်းချက်သည် အိုနာသေဘေးတို့မှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရန်ဖြစ်၏။ သို့ဖြစ်ရာ နိဗ္ဗာန်ကို ရည်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုကျင့်၏။ နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော လမ်းဖြစ်သည့် သတိပဋ္ဌာန်တရားကို လေ့လာပွားများ၏။
 
အချို့သော ထေရ၀ါဒီတို့သည် သတိပဋ္ဌာန်တရားကို ပွားများရာမှ မိမိကိုယ်ကို ဆုကြီးပန်ပုဂ္ဂိုလ်ဖြစ်မှန်း သိကြ၏။ ဆုကြီးပန်ပုဂ္ဂိုလ် တို့သည်လည်း မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရည်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုကျင့်၏။ ဆယ်ပါးသော ပါရမီတို့ကို ဖြည့်ကျင့်၏။ ထိုသို့ပြုကျင့် ဖြည့်ဆည်းရာတွင် လောကီစည်းစိမ်ကို တောင့်တ၍ ပြုခြင်းမဟုတ်ပေ။ လာဘ သက္ကာရ သိလောကကို မျှော်မှန်း၍ ပြုခြင်းမဟုတ်ပေ၊ ဤသည်ကို ပါရမီဖြည့်ခြင်းဟု ဆိုအပ်ပေသည်။
 
ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ဖြစ်ရန် ကြိုးစားခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သိဒ္ဓိရှင်ဖြစ်ရန်ကြိုးစားခြင်း၊ အားပေးအားမြှောက်ပြုခြင်း စသည်တို့သည် ဗုဒ္ဓသာသနာတော်နှင့် မဆီလျော်သည့် လုပ်ရပ် (၀ါ) လွဲချော်သည့် လုပ်ရပ်များဖြစ်ပေသည်။ မဂ်ဖိုလ်နိဗ္ဗာန်တို့သည် ဗုဒ္ဓသာသနာ၏ အမွေစစ်၊ အမွေမှန်ဖြစ်၏။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားပွင့်တော်မူမှသာလျှင် ရရှိနိုင်သော ဓမ္မအမွေဖြစ်၏။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားပွင့်တော်မမူသော သာသနာပအခါတွင် မရနိုင်သော တရားဓမ္မဖြစ်၏။ အခြားသောဘာသာတို့တွင် မရနိုင်သော တရားဓမ္မဖြစ်၏။ ထေရ၀ါဒီတို့သည် ဗုဒ္ဓသာသနာ၏ အမွေစစ်၊ အမွေမှန်ဖြစ်သော မဂ်ဖိုနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် စိတ်အားထက်သန်ကြလေသည်။ ဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိုလည်း ဆောင်ရွက်ကြလေသည်။
 
ရှင်တော်မြတ်ဘုရားသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ ပြန့်ပွားရန် ရည်ရွယ်၍ တပည့်သား ရဟန်းသံဃာတော်များအား အာမိသ အမွေကိုလည်းကောင်း ပေးအပ်၏။ အာမိသ အမွေဟူသည်မှာ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့ဖြစ်၏။ သို့ဖြစ်ရာ ရဟန်းသံဃာတော်များသည် ရှင်တော်မြတ်ဘုရားထံမှ အာမိသ အမွေကိုလည်းကောင်း၊ ဓမ္မအမွေကို လည်းကောင်း ခံယူသော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။ ထို့ကြောင့် အာမိသအမွေကို ခံယူပြီး ဓမ္မအမွေကို ကျင့်သုံးသော ရဟန်းသံဃာတော်များသည် စစ်မှန်သော ထေရဝါဒီများ ဖြစ်လေသည်။
 
ရှင်တော်မြတ်ဘုရားသည် သာသနာ့ အမွေထိန်းဖြစ်သော ရဟန်း၊ သာမဏေတို့အား တာဝန်ကြီးနှစ်ရပ် ပေးအပ်၏။ဂန္ထဓုရဟုခေါ်သော စာပေ ပရိယတ်တို့ကို သင်ယူပို့ချခြင်းနှင့် ဝိပဿနာဓုရဟုခေါ်သော ဝိပဿနာအားထုတ်ခြင်းတို့ဖြစ်၏။သို့ဖြစ်၍ ထိုဓုရ နှစ်ပါးမှ အပဖြစ်သော အဂ္ဂိရတ်ထိုးခြင်း၊ အင်းအိုင်ခါးလှည့် လက်ဖွဲ့များ စီရင်ခြင်း၊ ဗေဒင်လက္ခဏာ တွက်ချက်ဟောပြောခြင်း၊ သိဒ္ဓိရှင်ဖြစ်ရန်ကျင့်ကြံခြင်း၊ ဝိဇ္ဇာဓိုရ်ဖြစ်ရန် ကျင့်ကြံခြင်းတို့သည် ထေရဝါဒီတို့၏ အလုပ်မဟုတ်ပေ။
 
လိုရင်းကိုဆိုသော် ထေရဝါဒီတို့သည် ထေရဝါဒ ဗုဒ္ဓသာသနာ့အမွေကို ကောင်းစွာခံယူ၏။ နိဗ္ဗာန်ကို ရည်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုကျင့်၏။ ဗုဒ္ဓသာသနာက ခွင့်ပြုသော သမထ ကမ္မဋ္ဌာန်း - ၄၀ တို့ကို ကျင့်ကြံ၏။ ဗောဓိပက္ခိယ တရား - ၃၇ ပါးအားလျော်စွာ ပွားများ၏။ ထေရဝါဒ ဗုဒ္ဓသာသနာမှ အပဖြစ်သော ကျင့်စဉ်နည်းလမ်းများကို ရှောင်ကြဉ်၏။ ထေရဝါဒ ဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်၏။
 
ဤသည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာ၏ ဂုဏ်နှင့်ကျေးဇူးကို သိမြင်ခံစားရသော ထေရဝါဒီက သာသနာတော်ကို ပြန်လည် ချီးမြှင့်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းတို့ ဖြစ်ပေသည်။
 
(ဦးအောင်အေး - သဲကုန်း)

No comments:

Post a Comment