Aug 11, 2011
ရေများများသောက်ပါ
ရေ၏လုပ်ငန်းတာဝန်များ
                      ရေသည် ခန္ဓာကိုယ်အသက်ရှင်ရေး အတွက် များစွာသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်
လျက်ရှိပေသည်။ ရေ၏ လုပ်ငန်းတာဝန်များကို ယေဘုယျသဘောအားဖြင့် အောက်ပါအတိုင်း တွေ့ရသည်။
၁။   ရေသည် ခန္ဓာကိုယ်တွင်းရှိ ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားရန်အတွက် ကြားခံနယ်တစ်ခု
အဖြစ် ဆောင်ရွက်ပေးသည်။ ဤအချက်မှာ သာမန်အားဖြင့် သိပ်အရေးမကြီးသလို ဖြစ်နေသည်။ သေသေချာ
ချာ နက်နက်နဲနဲ တွေးကြည့်လျှင် လွန်စွာ အရေးပါကြောင်းတွေ့ရမည်ဖြစ်၏။ အာဟာရများ၊ အောက်ဆီဂျင်
နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ၊ ဇီဝဓာတုအညစ်အကြေးများနှင့် အခြားပစ္စည်းများအားလုံးသည်"ရေ"
တည်းဟူသော ကြားခံနယ်ကို အသုံးပြုကာ ရွေ့လျားနေကြရသည်။ အဆုတ်တစ်စုံသည် ခန္ဓာကိုယ်အတွက်
လိုအပ်သော အောက်ဆီဂျင်ကို လေထုအတွင်းမှ မည်မျှပင် ရယူပေးစေကာမူ ရေမရှိလျှင် ယင်း အောက်ဆီ
ဂျင်းများကလာပ်စည်းများထံ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့အတူပင် အစာလမ်းကြောင်းမှ အစာအာဟာရ
များကို ချေဖျက်စုပ်ယူပေးသော်လည်း ရေမရှိပါက ယင်းအာဟာရများကလာပ်စည်းများထံ ရောက်မလာနိုင်
ပေ။ ကလာပ်စည်းများအနေဖြင့် အောက်ဆီဂျင်နှင့် အာဟာရမရလျှင် သေကျေပျက်စီးကုန်မည်ဖြစ်၏။ သက်
ရှိတို့၏ အခြေခံဖြစ်သော ကလာပ်စည်းများသေလျှင် လူသည်လည်း အသက်ရှင်နေနိုင်တော့မည်မဟုတ်ချေ။
၂။   ရေသည် ဇီဝဓာတ်ပြုများ ဖြစ်တည်ရာနေရာတစ်ခုလည်းဖြစ်ပေသည်။ ခန္ဓာကိုယ်တွင်း၌ ဖြစ်ပေါ်လျက်ရှိ
သော ဇီဝဓာတ်ပြုမှု ( Bio-chemical Reactions ) အားလုံးသည် ရေဟူသော ကြားခံနယ်၌ ဖြစ်ပျက်နေကြ
ခြင်းဖြစ်သည်။
၃။   ရေသည် ခန္ဓာကိုယ်တည်ဆောက်မှုအတွက် ကုန်ကြမ်းတစ်မျိုးဖြစ်၏။ ဆိုလိုသည်မှာ အိမ်တစ်လုံး၊ တိုက်
တစ်တိုက် ဆောက်ရန်အတွက် အုတ်၊ သဲ၊ ဘိလပ်မြေ၊ သစ်ဝါးများ လိုသကဲ့သို့ လူ၏ ခန္ဓာကိုယ်တည်ဆောက်
မှုတွင် ရေသည် အဓိက လိုအပ်ပါသည်။ ခန္ဓာကိုယ်၏ ရာခိုင်နှုန်း ၆၀ သော ပမာဏသည် ရေဖြစ်ကြောင်း အ
ထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
၎။   ရေသည် ခန္ဓာကိုယ်အတွက် စက်ဆီ၊ ချောဆီ ပမာ အသုံးဝင်ပါသည်။ စက်ယန္တရားများ ချောမွေ့စွာလည်
ပတ်ရန်နှင့် ကြာရှည်အသုံးခံစေရန် စက်ဆီ၊ ချောဆီ လိုအပ်ပါသည်။ ထို့အတူ လူ၏ ကိုယ်ခန္ဓာတွင် ရေသည်
ချောဆီသဖွယ် စွမ်းဆောင်ပေးပါသည်။ ဥပမာအားဖြင့် အရိုးအဆစ် ( Joints ) များတွင် ( Synovial Fluid )
အရည်တစ်မျိုး ရှိနေပါသည်။ ယင်းအရည်သည် ခန္ဓာကိုယ် လှုပ်ရှားသွားလာရာ၌ အရိုးအဆစ်များ ထိခိုက်ပွန်း
ပဲ့မှု မရှိစေရန် ကာကွယ်ပေးပါသည်။ ဦးနှောက်၏ ဘေးပတ်လည်တွင်ရှိသော ရေသည်လည်း ဦးခေါင်း၏လှုပ်
ရှားမှုကြောင့် ဦးနှောက်အား ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းကာကွယ်ပေးပါသည်။
၅။   ရေ၏ အခြားအရေးကြီးဆုံး တာဝန်တစ်ခုမှာ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းညှိပေးခြင်းဖြစ်
သည်။ ရေ၏ ရူပဂုဏ်သတ္တိတစ်ခုမှာ အပူချိန် အနည်းငယ်ပြောင်းစေရန်နှင့် ရေကို အရည်ဘ၀မှ အငွေ့ဘဝ
သို့ ပြောင်းစေရန် အပူပမာဏများစွာ လိုအပ်ခြင်းဖြစ်သည်။ ဤဂုဏ်သတ္တိရှိခြင်းကြောင့် ရေပမာဏများစွာ
ရှိသော လူ၏ အပူချိန်မှာ မျှတနေခြင်းဖြစ်သည်။
၆။   ရေသည် ခန္ဓာကိုယ် အေးခဲခြင်းကို ကာကွယ်ပေးနိုင်သည်။ ရေတွင် (High Latent Heat of Solidifica
tion) ရှိသည်ဟု ရူပဗေဒ တွင်ဆိုထားသည်။ ရေကို အရည်ဘ၀မှ အခဲဖြစ်စေလိုလျှင် အပူပမာဏများစွာကို
ထုတ်ယူနိုင်ရမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ပတ်ဝန်းကျင် အပူချိန်အတိုင်းအတာတစ်
ခုထိကျသော်လည်း အေးခဲမသွားပေ။
       ရေ၏ ခန္ဓာကိုယ်အပူချိန် ထိန်းသိမ်းပေးမှု တာဝန်မှာ များစွာအရေးကြီးလှပါသည်။ ခန္ဓာကိုယ်အပူချိန်မျှ
တမှုကို မထိန်းချုပ်နိုင်ပါက လူတို့ အသက်ရှင်နေထိုင်နိုင်မည်မဟုတ်ပေ။
နေ့စဉ်လိုအပ်မှု
                     ခန္ဓာကိုယ်မှ တစ်နေ့တာအတွင်း ရေ  ၂  ဒသမ  ၆  လီတာခန့်ဆုံးရှုံးလျက်ရှိပေသည်။ ဆုံးရှုံး
မှုကို အောက်တွင်ဖော်ပြထားပါသည်။
           အသက်ရှူလမ်းမှ ဆုံးရှုံးမှု - ၀ ဒသမ ၃ လီတာ
           အရေပြားမှ ဆုံးရှုံးမှု ( ချွေးထွက်ခြင်း ) - ၀ ဒသမ ၆ လီတာ
           ဆီးသွားခြင်း - ၁ ဒသမ ၅ လီတာ
                     ၂၄ နာရီအတွင်း ဆုံးရှုံးခဲ့ရသော ၂ ဒသမ ၆ လီတာမျှသောရေကို ပြန်လည်ဖြည့်ဆည်းရန် လို
အပ်ပါသည်။ ရေဆုံးရှုံးမှု ပမာဏသည် ရေရရှိမှု ပမာဏနှင့် တူညီနေရန်လိုပါသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်အ
တွက် နေ့စဉ်လိုသော ရေပမာဏမှာလည်း ၂ ဒသမ ၆ လီတာ ဖြစ်ပေသည်။ယင်းလိုအပ်သော ရေကို
အောက်ပါအတိုင်း ရရှိနိုင်ပါသည်။
          အစားအစာများ၌ ပါသောရေ - ၁ ဒသမ ၀ လီတာ
          ခန္ဓာကိုယ်မှ သောက်သုံးရေ - ၁ ဒသမ ၃ လီတာ
          ဇီဝဓာတ်ပြုမှုကြောင့် ရသောရေ - ၀ ဒသမ ၃လီတာ
                      ခန္ဓာကိုယ်တွင် ရေလိုခြင်း ( Dehydration ) နှင့် ရေပိုခြင်း (Over hydration )များဖြစ်ခဲ့လျှင်
ကလာပ်စည်းများ (Cells) ၏ တည်ဆောက်မှုနှင့်လုပ်ငန်းတာဝန်များ ပျက်ယွင်းသွားနိုင်သဖြင့် လူ၏ အသက်
ကိုပင် သေစေနိုင်ပါသည်။ သို့ဖြစ်ရာ လူ၏ ခန္ဓာကိုယ်တွင် ရေရရှိမှုနှင့် ဆုံးရှုံးမှု ပမာဏတို့ အစဉ်အမြဲ မျှတ
ရန် အရေးကြီးပါသည်။
                      ဆေးပညာသဘောအရ ကြည့်ပါလျှင် ရေလိုအပ်ခြင်း (Dehydration) သည်ရေပိုခြင်း (Over
hydration)ထက်များစွာဖြစ်လေ့ဖြစ်ထရှိပါသည်။ လူတစ်ယောက်သည် ရေသောက်နည်း၍  သော်လည်း
ကောင်း၊ အန်ခြင်း၊ ၀မ်းသွားခြင်းတို့ကြောင့်လည်းကောင်း ရေလိုအပ်ခြင်း (Dehydration) ဖြစ်နိုင်ပါသည်။ အကြောင်း တစ်ခုခုကြောင့် သွေးဆုံးရှုံးခြင်း၊ ချွေးထွက်လွန်ခြင်း စသည်တို့ ဖြစ်ခဲ့လျှင်လည်း ရေလိုအပ်ခြင်း
ဖြစ်တတ်ပါသည်။
                      သာမန်အားဖြင့် ရေပိုခြင်းမှာ တွေ့ကြုံရခဲလှပါသည်။ ကျောက်ကပ်တစ်စုံကောင်းနေသမျှ
ရေပိုခြင်းအနေဖြစ်ရန် ခက်ခဲလှပေသည်။ ဥပမာဆိုရသော် လူတစ်ယောက်သည် ရေကို အဆမတန်သောက်
သော်ငြားလည်း ကျောက်ကပ်သည် ခန္ဓာကိုယ်အတွက် ပိုသမျှရေကို ဆီးအဖြစ် စွန့်ထုတ်ပစ်လိုက်မည်သာ
ဖြစ်၏၊ ကျောက်ကပ်သည် တစ်နေ့တာအတွင်း ၂၃ လီတာသောက်ရေတို့ကို စွန့်ပစ်နိုင်သည်ဟုဆိုပါသည်။
ကျောက်ကပ်တစ်စုံသည် ရေလိုအပ်မှုကို ကာကွယ်နိုင်သည်ထက် ရေပိုမှုကို ပိုမိုကာကွယ်နိုင်စွမ်းရှိသည်။
                    ကျောက်ကပ်တစ်စုံသည် ကောင်းမွန်နေပါစေ။ ရေသောက်နည်းလျှင်သာ ရောဂါရရှိနိုင်ပါသည်။
ရေသောက်များခြင်းကြောင့် ရောဂါရမည်မဟုတ်ပါ။ ခန္ဓာကိုယ်မှ ထွက်ရှိသော အညစ်အကြေးများကို ဆီးနှင့်
အတူ စွန့်ပစ်ကြရမည်ဖြစ်ရာ ရေများများသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။သို့
အတွက်" သင့်ကျန်းမာရေးအတွက် ရေများများသောက်ပါ" ဟု ပြောလိုက်ပါရစေ။
                                                                                                     ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
No comments:
Post a Comment