အိမ်တွင်း မင်းမဟာဂီရိ
သာသနာ သက္ကရာဇ် ၈၈၈ ခုနှစ်တွင်၊ ပုဂံပြည်၌ သေလည်ကြောင် မင်းကြီး စိုးစံလျက်ရှိ၏။ ထိုအချိန်က တကောင်းမြို့ဟောင်း၌၊ ပန်းဘဲဆရာ မောင်တင့်တော်၏သား မောင်တင့်တယ်သည် ခွန်အားဗလ ကြီးမား၍အလွန်သန်စွမ်း၏။ အသက် ဆယ့်ခြောက်နှစ်သားအရွယ်ရောက်သောအခါ ဆင်ကို ချီမ၍ အစွယ်ကိုချိုးပစ်နိုင်၏။
ထိုအကြောင်းကို တကောင်းမင်းကြီး ကြားလေလျှင် မိမိ၏ထီးနန်းကို လုယူမည် စိုးရိမ်သော ကြောင့်ဖမ်း၍သတ်လေဟု အမိန့်ထုတ်လေ၏။ သေဘေးကို ကြောက်ရွံ့သော မောင်တင့်တယ်မှာကား တောတခုသို့ထွက်ပြေး၍ ပုန်းရှောင်နေရ၏။
မင်းကြီးလည်း မောင်တင့်တယ်ကို ဖမ်း၍မမိသမျှ စိတ်မအေးရသေးသဖြင့် ပရိယာယ် ဥာဏ်
ဆင်၍ မောင်တင့်တယ်၏ နှမ စောမယ်ယာခေါ် လှမြတ်စွာကို မိဖုရားမြောက်လိုက်လေ၏။ ထိုသို့မိဖုရား
မြောက်ပြီးမှ၊ သင်၏မောင်သည် ခွန်အားဗလကြီးမားသောကြောင့် ငါမြို့ဝန်ခန့်တော်မူလိုသည်။ အမြန်ဆင့်
ခေါ်လေဟု အမိန့်ပေးတော်မူသည်။
မင်းကြီး၏မိန့်ဆိုချက်ကို စောမြတ်စွာက ယုံကြည်သဖြင့် မောင်ဖြစ်သူ မောင်တင့်တယ်ကို
အမြန် လာရောက်ရန် မိန့်မှာလိုက်သည်။
မောင်တင့်တယ်သည် မင်းကြီးက လည်ဆယ်ခေါ်ယူသည်ကို အကယ်ပင်ထင်မှတ်ယုံကြည်
သဖြင့် တကောင်းမြို့သို့ ပြန်လာလေသည်။ သို့သော် မင်းကြီးက သူ့ကိုမြို့ဝန်ခန့်မည့်အစား ချက်ခြင်း
ဖမ်းဆီးစေ၍။ စကားပင်တွင်ချည်နှောင်ပြီးလျှင် ဖိုကျင်ထိုးသတ်၍ အမိန့်ချမှတ်တော်မူထိုက်သည်။ ထိုအ
ကြောင်းကို နှမတော် လှမြတ်စွာကြားသိလေသော်၊ အမြန် ပြေးလာ၍ မီးပုံတွင်းသို့ ခုန်ချလိုက်လေသည်။
ထိုမောင်နှမ ကွယ်လွန်ပြီးနောက် နတ်ဖြစ်၍ စကားပင်တွင်နေကြ၏။ စကားပင်၌ လူ-သူ-
ကျွဲ-နွား ချည် မိလျှင်သေသည်သာများလေ၏။ ထိုအကြောင်းကို မင်းကြီးကြားသိလေသော်၊ စကားပင်ကို
တူး၍ ဧရာဝတီမြစ်ထဲသို့ မြှောချလိုက်လေသည်။
ပုဂံသို့ရောက်သောအခါ စကားပင်ကို သေလည်ကြောင်မင်းကြီးက ဆယ်ယူ၍ နတ်မောင်
နှမရုပ် ထုလုပ်ပြီးလျှင် ပုပ္ပါးတောင်မှာ ထားလေ၏။ ထိုနတ်မောင်နှမကို အိမ်တွင်းမင်းမဟာဂီရိဟု ယခုထက်
တိုင် ခေါ်ဝေါ်လျက်ရှိကြလေသည်။
ထိုအိမ်တွင်း မင်းမဟာဂီရိနတ်သည် ပုဂံပြည်တွင် စိုးစံခဲ့သော ရှင်ဘုရင်များနှင့် လူကဲ့သို့ပင်
ရင်းနှီးစွာ ဆက်ဆံခဲ့၏။ ပုဂံပြည်မှ ရှင်ဘုရင်များကလည်း ထိုနတ်မောင်နှမကို အလေးဂရုပြုပြီးလျှင်။ နှစ်စဉ်
နတ်တော်လ၌ ကြီးကျယ်ခမ်းနားစွာ နတ်ကန္နားပွဲပေး၍ ကျင်းပခဲ့ကြသည်။
( တိုင်းပြည်အုပ်စိုးသူသည် သူရဲကောင်းများကို မညှဉ်းဆဲ သင့်ပေ။ )
-------------------------------------------------------------------------------------------------------------
အသားမင်းသား
ယခုပဲခူးဟု ခေါ်သော ဟံသာဝတီနေရာသည် အလွန်ရှေးကျသော အခါကာလက ပင်လယ်ရေ
ပြင် ၀န်းရံလျင်ရှိခဲ့သည်။ နောက်များမကြာမီတွင် ကျွန်းငယ်ကလေး တစ်ကျွန်းပေါ်လာလေသည်။ ထိုကျွန်း
ငယ်မှာ အလွန်သေးငယ်၍ ဟင်္သာဖိုမ နှစ်ကောင် မနားလောက်သောကြောင့်။ ဟင်္သာဖို၏ ကျောထက်တွင်
ဟင်္သာမကနားရ၏။ ဤသို့ ဟင်္သာဖိုမနားသော ကျွန်းအရပ်ဖြစ်၍ ဟံသာဝတီဟုတွင်လေသည်။
ဤနေရာသည် မွန်တို့၏ နယ်မြေတွင်း ဖြစ်သော်လည်း အိန္ဒိယ တိုင်းသားကုလားများရောက်
လာ၍ ထိုကျွန်းကိုပိုင်ဆိုင်လိုသောကြောင့် သံတိုင်ကို စိုက်မှတ်ထားလိုက်လေသည်။
ထိုဟင်္သာဖိုမကား မြတ်စွာဘုရားဗျာဒိတ်ထားခြင်းခံရသော သတ္တ၀ါများဖြစ်ကြသည်။ မြတ်စွာ
ဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက အရှင်အာနန္ဒာနှင့် ဒေသစာရီကြွချီတော်မူလာစဉ် ထိုအရပ်သို့
ရောက်သောအခါ ဟင်္သာဖိုမက မြတ်စွာဘုရားကို ရှိခိုးပူဇော်သဖြင့်။ ဤသို့ ဗျာဒိတ်ထားတော်မူခဲ့သည်။
ဤဟင်္သာဖိုမ တို့သည် ငါ့အားပူဇော်ရသော အကျိုးအားကြောင့်။ ဤအရပ်ဒေသတွင် ဘုန်း
တန်ခိုးကြီးသောမင်းဖြစ်လိမ့်မည်။ ဤနေရာသည်လည်း အလွန်စည်ကားသော မင်းနေပြည်တော်ဖြစ်လိမ့်
မည်။
မြတ်စွာဘုရား ဗျာဒိတ်တော်အတိုင်းပင် ထိုနေရာသည် ဟံသာဝတီမင်းနေပြည်တော်ဖြစ်၍
ယခုထက်တိုင် ပဲခူးမြို့ဟု ထင်ရှားနေပေသည်။
သထုံဘုရင်၏ သားတော်များဖြစ်သော သမလနှင့်ဝိမလ ညီနောင်နှစ်ပါးတို့သည် အသက်
၁၇ နှစ်ခန့်၌ မြို့နန်းအသစ် တည်ထောင်ရန် လှည့်လည်ရှာဖွေကြသောအခါ ထို ဟံသာဝတီကျွန်းကိုတွေ့
လေ၏။ သို့သော်သံတိုင် စိုက်ထား သော ကုလားတို့က သူတို့ သံတိုင်စိုက်ထားသည်မှာ အနှစ် ၉၀ ခန့်
ရှိပြီဖြစ်သဖြင့်။ ၎င်းသို့သာ ထိုကျွန်းကို ပိုင်ဆိုင်ထိုက်သည်ဟု ကာကွယ် ပြောဆိုလေ၏။ မွန်မင်းသားတို့
ကလည်း၊ ဤနေရာသည် မွန်တို့နယ်မြေဖြစ်သဖြင့် ငါတို့သာ ပိုင်ဆိုင်ထိုက်သည်ဟု အကြောင်းပြ ပြောဆို
ပြန်၏။ နောက်ဆုံးတွင် မွန်မင်းသားတို့က ဥာဏ်ကူ၍ ကုလားများမသိအောင် သံတိုင်အောက်က သံ
ကောက် ကိုးစင်းကို မြှုပ်ထားလိုက် ပြီးလျှင်။ မိမိတို့က အလျင် ဦးကြောင်းကို အခိုင်အမာ ပြောဆိုကြလေ၏။
ထိုသို့ ပြောသည်ကို ကုလားတို့က ယုံကြည်၍ တူးကြည့်ကြရာ ပြောသည့်အတိုင်း သံ
ကောက် ကိုးစင်းကိုတွေ့ရှိကြသောကြောင့် မွန်မင်းသားတို့က ကျွန်းကိုရရှိလေ၏။ ထိုအခါ မြို့နန်း အသစ်
တည်၍ နောင်တော် သမလမင်းက မင်းပြု၏။ ညီတော် ၀ိမလကို အိမ်ရှေ့စံ ပေးထား၏။
သမလ မင်းသည် ဖရုံစိုက်ပျိုး စားသောသူများ၏ သမီးဖြစ်သော မယ်ကပီထော် ဆိုသူကို
မိဖုရားမြောက်၏။ မယ်ကပီထော်သည အလွန်လှပသော ရုပ်ဆင်းအင်္ဂါနှင့်ပြည့်စုံ၏။ ထိုမယ်ကပီထော်မှ
သားတော်တပါးဖွားမြင်၍ ၅ လ-၆ လခန့်ကြာသော် သမလမင်းနတ်ရွာစံ၍ညီတော်ဝိမလမင်းနန်းတက်၏။
ဝိမလမင်းသည် မရီးတော်ကိုပင် မိဖုရားမြောက်ပြန်၏။ သားတော်ကလေးကိုကား၊ ရန်သူဖြစ်မည် စိုး၍ နယ်
စွန် နယ်ဖျားသို့သွား၍ စွန့်ပစ်ရမည်ဟု မိန့်လေ၏။ ထိုအတိုင်း ပေါင်းလောင်းမြစ် အရှေ့ဘက်ရှိ ကွန်
အသားရွာ တလိုင်း ကရင်လူမျိုး မုဆိုးမ မိနန်းကလိုင်း၏ ကျွဲခြံဝ၌ ညအခါ ကလေးကိုစွန့်ပစ်ခဲ့လေ၏။
နံနက်စောစော ကျွဲတို့ကို လွှတ်ချိန်တွင် ကျွဲမကြီးတစ်ကောင်သည် အလျင်ထွက်၍ ခြံဝရှိ
ကလေးကိုခွ၍ ရပ်နေ၏။ ထိုအချင်းအရာကို ကျွဲရှင် မိနန်းကလိုင်းကတွေ့ရှိ၍ သားအမှတ်ဖြင့်မွေးစားထား
၏။ ဤသူငယ်ကြီးပြင်းလာသောအခါ ကျွဲ၊နွားများကို ထိမ်းကျောင်းရ၏။ ကျွဲတို့ကို ယုယညှာတာသဖြင့် ကျွဲ
တို့ကလည်း ခင်မင်ယဉ်ပါးလေသည်။ ထိုသူငယ်သည် ကျွဲ၊နွားများကိုထိမ်းကျောင်းနေရင်း ကြမ်းကြမ်းတမ်း
တမ်း ခုန်ပေါက် ကစားနေရ သောကြောင့် အလွန်သန်စွမ်းလေသည်။
ဝိမလမင်းနန်းစံ ၈ နှစ်တွင် အိန္ဒိယမှ ကုလားတို့အား အရပ် ၇ တောင်မြင့်သော လန်ဘား
ဆိုသူ ကုလားကြီးက ဗိုလ်ပြုလျက် သင်္ဘော ၇ စင်းဖြင့် လာရောက်ကြ ပြန်၏။ ထိုကုလားရန်ကို ဖြိုဖျက်ရန်
လူစွမ်းကောင်းကို လိုက်လံရှာဖွေရာ၊ မွန်မင်းသားကွန်အသားကို တွေ့ရှိသဖြင့် နန်းတော်သို့ ခေါ်ဆောင်
လာလေ၏။
ကွန်အသားနှင့် ကုလားကြီး လန်ဘားတို့ နှစ်ယောက်ချင်း တိုက်ကြစေဟု သဘောတူသ
ဖြင့် ကုလာကြီးက သံချပ်အင်္ကျီဝတ်လျက်။ ငှက်ပျောရွက်ခန့်ရှိ ဓါးကြီးကိုထမ်းလာ၏။ မင်းသားကလည်း
ငှက်ပျောရွက်ခန့်ရှိ လှံနှစ်စင်းကို စွဲ၍ ထွက်လာ၏။
နှစ်ယောက် ရင်ဆိုင်မိ၍ တိုက်အံ့ဆဲဆဲတွင် မင်းသားက ဥာဏ်ကူ၍ “ ငါတို့ နှစ်ယောက်
ချင်းတိုက်ကြမည်ဟု ဂတိထားပါလျက် အဘယ်ကြောင့် နောက်လိုက် အကူအညီခေါ်ခဲ့သနည်း ” ဟုဆိုလိုက်
၏။ ကုလားကြီးက အကယ်ပင်ထင်မှတ်၍ “ ငါ့မှာအဖော်မပါ ပါတကား ” ဟုဆိုကာနောက်သို့ လှည့်ကြည့်
လိုက်၏။ ထိုသို့ ကြည့်သော ခဏ၌ မွန်မင်းသားက ကုလားကြီး၏ လည်မျိုကို လှံဖြင့်ထိုးလိုက်ရာ ကုလား
ကြီးကျလေ၏။
ဝိမလမင်းသည် ကုလားကြီး ကျဆုံးသည်ကို အားရတော်မူသဖြင့် တူတော်အား အိမ်ရှေ့စံ
ပေး၏။ ၀ိမလမင်း နတ်ရွာစံသော် အသားမင်းသား နန်းတက်၍ နန်းစံအနှစ် ၂၀ မျှမင်းပြုပြီး နတ်ရွာစံ၏။
( အသားမင်းသားကဲ့သို့ လူမျိုးခြား၏ ဘေးရန်မှ ကာကွယ်ပေးနိုင်သော သူရဲကောင်းများပေါ်ထွက်ပါစေ။ )

No comments:
Post a Comment